ယုဇနကုမ္ပဏီက မတရားသိမ်းယူထားသည့် မြေများကို ကေအိုင်အေကသိမ်းပြီး ဒေသခံတောင်သူများအား ပြန်လည်ခွဲဝေပေး

Unicode

ကချင်ပြည်နယ်၊ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီဝန်ထမ်းများ ထွက်ခွာသွားပြီးနောက် ဒေသခံများက ကျေးရွာ အလိုက် မြေယာစီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းကာ ဒေသခံတောင်သူများအားလုံး မြေပိုင်ဆိုင်ရေးမူဖြင့် မြေများကို ခွဲဝေလျက်ရှိကြောင်းသိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း လီဒိုလမ်းမကြီးပေါ်ရှိ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့အတွင်းမှ ဒေသခံတောင်သူများ၏ မြေ ဧက ၂သိန်းကျော်ကိုယုဇနကုမ္ပဏီကသိမ်းဆည်းထားသည်မှာ ၁၅ နှစ်ကျော်ရှိပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဧပြီ ၁ရက်တွင် ယုဇနကုမ္ပဏီဝန်းကို မီးရှို့လိုက်သဖြင့်ဝန်ထမ်းများစွန့်ခွာသွား ကြပြီးနောက်မူလမြေပိုင်ရှင်ဒေသခံများကမြေများကို ပြန်သိမ်းယူပြီးယခုအခါခွဲဝေနေကြခြင်းလည်းဖြစ်သည်။

ဟူးကောင်းချိုင့်ဝမ်းဒေသမှ တောင်သူတဦးက “ကျနော်တို့မှာက ကျေးရွာအလိုက် မြေယာစီမံခန့်ခွဲတဲ့ကော်မတီ ဖွဲ့ပြီးတော့ စနစ်တကျစီမံပြီးမှဒေသခံများမြေမပိုင်ဆိုင်မှုလုံးဝမရှိအောင် ရည်ရွယ်ချက်နဲ့ မုဆိုးမ ဖြစ်ပါစေ အနည်းဆုံး မြေ ၅ ဧက ပိုင်ရမယ်ဆိုပြီးတော့မှ ဦးတည်ချက်ထားပြီးမြေယာကိုခွဲဝေနေကြတယ်။

နဂိုက မြေယာသိမ်းခံရတဲ့ တောင်သူတွေကိုတော့ဦးစားပေးပြီး လယ်ယာတွေချထားပေးတာကိုဆက်လက်လုပ်နေကြပါတယ်။ ကျေးရွာအလိုက်မြေယာစီမံခန့်ခွဲတဲ့ကော်မတီဆိုပြီးကျနော်တို့က စနစ်တကျဖွဲ့စည်းပြီးမှလုပ်နေပါတယ်” ဟုရှင်းပြသည်။

ပြန်လည်သိမ်းဆည်းထားသည့်မြေများပေါ်တွင်ဒေသခံတောင်သူများက စပါးများစိုက်ပျိုးနေကြပြီဖြစ်ပြီး ဆောင်းရာသီတွင်လည်းတခြားသီးနှံများစိုက်ပျိုးရန်အစီအစဉ် ပြုလုပ်ထားကြောင်းတောင်သူများကပြောသည်။

ဝန်ထမ်းများစွန့်ခွာသွားသဖြင့်ကျန်နေခဲ့သည့်ယုဇနကုမ္ပဏီဝန်းအတွင်းမှအဆောက်အဦကိုလည်း မေ ၁၉ ရက်ည ၈ နာရီဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များကဘူဒိုဇာဖြင့်ထပ်မံဖြိုချသွားကြောင်းဒေသခံများထံမှသိရသည်။

ဒေသခံတဦးက “ဧပြီ ၁ ရက်မှာ KIA က ယုဇနကုမ္ပဏီကို မီးရှို့ပြီး ဖျက်ဆီးလိုက်တယ်။ ကျန်တဲ့ အဆောက်အဦတွေနဲ့ တံတိုင်းတွေကို မနေ့ည ၉ နာရီမှာ ဆက်ပြီးပြန်လာဖျက်လိုက်တယ်။ အဆောက်အဦကျန်တဲ့စက်ရုံကမဟုတ်ဘဲ ဝန်းထဲ က အိမ်တွေကိုတော့ ဒေသခံတွေကဖျက်ယူနေကြတာ” ဟုပြောဆိုသည်။

ယုဇနကုမ္ပဏီရှိ အဆောက်အဦတချို့ကို ဖြိုဖျက်ရာ၌ ဘူဒိုဇာဖြင့် ဖြိုချခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခြင်း ဖြစ်သည်ဟုဒေသခံတချို့ကပြောဆိုသော်လည်း KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုခြင်းမရှိပါ။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်အတိအကျမကြားသိရဘူး။ လိုင်းကနေသတင်းတွေဘာမှမသိဘူး။ပြည်သူလူထုဘက်ကပြောတာတော့ကြားတယ်။ ဒါပေမယ့်ကျနော်ဘာမှတိတိကျကျ အတည်ပြုပေးလို့မရပါဘူး” ဟုပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသခံများက ၎င်းတို့၏မြေများပြန်ရရှိရေးအတွက် KIA ဘက်ကကူညီပေးကြောင်း၊လူထုဆန္ဒအရ ယုဇနကုမ္ပဏီကိုဒေသကထွက်သွားအောင်မောင်းထုတ်ပေးသည်ဟူသောပြောဆိုမှုများလည်းရှိနေသည်။

ဗိုလ်မှူးကြီးနော်ဘူက ယုဇနကုမ္ပဏီသိမ်းယူထားသည့်မြေများကို ဒေသခံများက ပြည်သူပိုင်ပြန်သိမ်းယူခြင်းနှင့် ပတ် သတ်၍ KIAက အသိအမှတ်ပြုထောက်ခံခြင်း၊တစုံတရာ စွက်ဖက်ခြင်းမရှိပါဟုဆိုသည်။

သို့သော် ယုဇနကုမ္ပဏီအပေါ် သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒီကုမ္ပဏီကို လူထုရဲ့မြေတွေကို မတ ရားသိမ်းပိုက်တာတွေမလုပ်သင့်ဘူးလို့ပြောထားတာတွေ ရှိပါတယ်။

အမြဲတမ်းပြောထားတာရှိပါတယ်။မူအားဖြင့် ပြောထားတာ ရှိပါတယ်။ လက်တွေ့ကတော့လွန်ခဲ့တဲ့လပိုင်းက သူတို့ယန္တရားတွေကို ပစ်ခတ်ပြီးဝင်စီးတာရှိခဲ့ပါတယ်” ဟုပြောဆိုသည်။

ယုဇနကုမ္ပဏီကို ဧပြီ ၁ ရက်က မီးရှို့ရခြင်းမှာ ဒေသခံတောင်သူများ၏ မြေကိစ္စများပါဝင်သည့်အပြင်စစ်ရေးအရလည်း စစ်ကောင်စီတပ်များကိုလက်နက်ခဲယမ်းသိုလှောင်ခွင့်ပေးထားသည်ဟူသော သတင်းများရရှိသဖြင့်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

ယုဇနကုမ္ပဏီသည် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ဒေသခံများထံမှ အဓမ္မသိမ်းယူထားသည့် မြေများပေါ်တွင် ပီလောပီနံ စိုက်ပျိုးကာပီလောပီနံအမှုန့်ကြိတ်စက်ရုံကိုလည်း တည်ဆောက်ထားသည်။

အဆိုပါ ကုမ္ပဏီသည် မူလမြေပိုင်ရှင် ဒေသခံတောင်သူများအပေါ် အာဏာပိုင်များနှင့် ပူးပေါင်းကာအနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မြေပြန်လည်ရရှိရေးကြိုးစားသည့် တောင်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ကချင်ပြည်နယ်အတွင်းဒေသခံများအကြားနာမည်ဆိုးဖြင့် ကျော်ကြားသည့် ကုမ္ပဏီတခုဖြစ်သည်။
ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *