စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွင့်

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တချို့ အပါအဝင် ၂ဝ ဦး ကို ပုဒ်မ ၅ဝ၅(က)နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ကြေညာပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ ခင်ဝင့်ဝါ၊ မေတိုးခိုင်၊ ရဲတိုက်၊ သန္တာလှိုင်၊ ကျော်ကျော်နန္ဒ အဆိုတော် အာဇာနည်၊ ပိုပို၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊မိတ်ကပ်ပညာရှင် မထက်နဲ့ မေဦး၊ Myanmar Post Weekly Newspaper က အယ်ဒီတာချုပ် ကိုဇင်သော်နိုင်နဲ့

လူမှုကွန်ရက်မှာ လူသိများသူတွေ အပါအဝင်၂ဝ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အရေးယူသွားမယ်လို့ ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ သတင်းမှာ ကြေညာသွားတာပါ။

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်လာအောင် လှုံ့ဆော်တာ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း

လူမှုကွန်ရက်မှာ ဖော်ပြတာအပါအဝင်နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်အောင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သွေးထိုးလှုံ့ဆော်နေတာတွေကြောင့် အမှုဖွင့် အရေးယူရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအယောက် ၂ဝ အပြင် အလားတူ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ကျန်ရှိနေသူတွေကိုလည်း ထပ်မံကြေညာသွားမှာ ဖြစ်ကြောင်း စစ်ကောင်စီပိုင် မြဝတီသတင်းမှာ ဖော်ပြသွားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းအထုတ်ခံခဲ့ရတဲ့ အနုပညာရှင် ၆ ဦးထဲက သရုပ်ဆောင် လူမင်းကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညမှာ စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။