အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် မကျဆုံးခင်ကတည်းက ကြိုတင်ရေးသားထားခဲ့တဲ့ဒေါက်တာသီဟတင်ထွန်းရဲ့သေတမ်းစာ

လက်ရှိအချိန်ထိ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲမှာ နိုင်ငံအတွက် အားကိုးအားထား ပြုလို့ရတဲ့ ပညာတတ် လူငယ်လေးတွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။

မိဘတွေအနေနဲ့လည်း မိမိတို့ကျွေးမွေးပြုစုစောင့်ရှောက်လာရတဲ့ အဖိုးတန် သားသမီးလေးတွေကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ် ဖြစ်နေကြတာဖြစ်ပါတယ်။

(၂၇.၃.၂၀၂၁)ရက်နေ့ကဆိုရင်တော့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကိုသီဟတင်ထွန်းက လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ ရတာဖြစ်ပါတယ်။ဒေါက်တာသီဟတင်ထွန်းကပြင်ဦးလွင်ဆေးရုံမှ လက်ထောက် ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။

အသက်ပေါင်းများစွာ ကိုကယ်တင်ပေးနေတဲ့ ဒေါက်တာသီဟတင်ထွန်း ကျဆုံးသွားတဲ့အတွက် ပြည်သူတွေကလည်း နှမျောတသဖြစ်ပြီး ယူကြုံးမရဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းရဲ့မိခင်ကတော့ သားလေးအတွက် ဂုဏ်ယူနေပြီး “စိတ်ကိုပိုင်းဖြတ်ထားလိုက်ပါပြီ နိုင်မယ့်အချိန်ကိုစောင့်နေပါတယ်”လို့လည်း သားရဲ့အသိ၊မိတ်ဆွေတွေကိုမှာလိုက်သေးတာဖြစ်ပါတယ်။

ဒေါက်တာသီဟတင်ထွန်းကလည်း အသက်ကိုစွန့်လွှတ်ပြီးလမ်းပေါ်ထွက်နေတာကြောင့် သူမကျဆုံးခင်ကတည်းက သေတမ်းစာကို ကြိုတင်ရေးသားထားခဲ့တာဖြစ်ပါတယ်။

သေတမ်းစာထဲမှာ သူတစ်ခုခုဖြစ်ခဲ့ရင် “ကျွန်တော့်ကို ဂုဏ်ယူပါ၊အကြာကြီး စိတ်မဆင်းရဲပါနဲ့”ဆိုပြီး မိခင်ကိုမှာခဲ့သလို့ ချစ်သူအတွက်လည်း ဒီလိုမျိုးအရင်သွားနှင့်ခဲ့လို့ အားနာနေတဲ့အကြောင်းကို စာထဲမှာ ရေးသားထားတာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အတူတူရင်ဆိုင်ခဲ့ကြတဲ့ ပြည်သူတွေကိုလည်း မလျော့သောဇွဲနဲ့ဆက်လက်ရင်ဆိုင်သွားဖို့ မှာခဲ့တဲ့ သေတမ်းစာစာရွက်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။